People's Pioneer Party
About U Myint Maung Tun

My
Story
-
ကျွန်တော် အမည်မှာ ဦးမြင့်မောင်ထွန်း (ခ) မောင်မောင် ဖြစ်ပြီး ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် အဖဦးထွန်းဇန်နှင့် အမိဒေါ်အုန်းကြည်တို့မှ မွေးဖွားပြီး သားသမီး ၂ ဦးအနက် အငယ်ဆုံးဖြစ်ပါသည်။
-
ကျွန်တော်ငယ်စဉ်က ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာ မူလတန်းကျောင်း၊ ဖြူးမြို့နယ် အမှတ် (၁) အစိုးရအထက်တန်းကျောင်း၊ မိတ္ထီလာမြို့ အမှတ် (၁) အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို ၁၉၆၅ ခုနှစ်တွင် အောင်မြင်၍ ၁၉၆၆ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ပထမနှစ်တွင် ဆက်လက်ပညာသင်ကြားခဲ့ပါသည်။
-
၁၉၆၇ ခုနှစ်တွင် မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ် အမှတ်စဉ် (၁၃) သို့တက်ရောက်၍ ၁၉၇၁ ခုနှစ်တွင် B.Sc (DSA) ဘွဲ့ရရှိ့ခဲ့ပြီး ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ထို့နောက် ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ် (၄၇) ခြေလျင်တပ်ရင်းတွင် ၁၉၇၁ မှ ၁၉၇၆ ခုနှစ်ထိလည်းကောင်း မိတ္ထီလာမြို့ အမှတ် (၇၉) ခြေလျင်တပ်ရင်းတွင် ၁၉၇၆ မှ ၁၉၇၉ ခုနှစ်ထိ လည်းကောင်း ရန်ကုန်မြို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနတွင် ၁၉၇၉ မှ ၁၉၈၆ ခုနှစ်ထိ စစ်ဦးစီးမှူး (တတိယတန်း) အဖြစ်လည်းကောင်း၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ အမှတ် (၁၁) ခြေလျင်တပ်ရင်းတွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) အဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ မော်လမြိုင် မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ကော့ကရိတ်မြို့ အမှတ် (၉၇) ခြေလျင်တပ်ရင်းတွင် ဒုတိယ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
-
၁၉၉၁ ခုနှစ်တွင် အမှတ် (၂) စက်မှုဝန်ကြီးဌာန ထရန်စဖော်မာစက်ရုံတွင် အမှုဆောင်ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါသည်။
-
၂၀၀၃ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Executive MBA သင်တန်းတက်ရောက်၍ ၂၀၀၅ ခုနှစ်တွင် စီးပွားရေး စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) ရရှိခဲ့ပါသည်။
-
လူမှုရေးလုပ်ငန်းများအနေဖြင့် MBA ဘွဲ့ရများ စုစည်းပါဝင်သော မြန်မာ့ စီးပွားစီမံ အမှုဆောင်များအသင်း (Myanmar Business Executives Association) တွင် ဥက္ကဋ္ဌအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လူမှုရေးလုပ်ငန်းများဖြစ်သော နာဂစ်မုန်တိုင်းဒဏ်ခံရသည့် နယ်မြေများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ မုန်တိုင်းဒဏ်ခံ စာသင်ကျောင်း ဆောက်လုပ်ရေး ကိစ္စများ၊ အခြားပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အသင်းအနေဖြင့် Asean Leadership Award ဆု ရရှိခဲ့ပါသည်။
-
၂၀၁၀ ပြည့်နှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်ထိ သမဝါယမဝန်ကြီးဌာန၊ ငွေကြေးသမဝါယမ အသင်းစုချုပ်တွင် ဥက္ကဋ္ဌအနေဖြင့် သမဝါယမအသင်းများအတွက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ ပါသည်။
-
စီးပွားရေးလုပ်ငန်းများအနေဖြင့် Myanmar Telecommunication Network (Public) Co.ltd တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ရန်ကုန်-မော်လမြိုင်-ထားဝယ် မီးရထားလမ်းတစ်လျှောက် Optical Fiber Cable တည်ဆောက်ခြင်းလုပ်ငန်း Singapore၊ Thailand၊ Myanmar Sub-sea Cable (Submarine Cable) တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါသည်။
-
၂၀၁၉ ခုနှစ် ပြည်သူ့ရှေ့ဆောင်ပါတီတည်ထောင်သူများတွင် ပါဝင်ခဲ့ပြီး ၎င်းအချိန်မှစ၍ ယခုအချိန်အထိ ပေးအပ်သည့် ဒုဥက္ကဋ္ဌ (၁) တာဝန် ထမ်းဆောင်လျက်ရှိပါသည်။ လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ တွင်လည်း ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ပါသည်။